တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Thursday, March 4, 2010

ကျွန်တော့်လက်တည့်စမ်းမှုများ (၃)



(၁)

“ မောင်ချမ်းရေ အန်တီ့ကို ကူညီပါဦးကွယ် ”

“ ဟာ အန်တီဖြူ ဘယ်ပျောက်နေတာလဲ မလာတာတောင်ကြာပေါ့ နေကောင်းတယ်နော် ”

“ အေး သားရယ် မင်း ဦးလေး နဲ့ ဆိုင်ကူထိုင်ပေးနေရလို့ ခုလာတာ မင့် အမ ကို လာစပ်တဲ့ သတို့သားလောင်းလေးနဲ့ ပေးစားရင် ကောင်း / မကောင်း သိရအောင်ပါအေ ”

အနားမှာရှိနေတဲ့ သူ့သမီးလေး မဥမ္မာ ကတော့ စိတ်ညစ်နေပုံပေါ်နေပါတယ်။ ဟုတ်တော့လဲ အဟုတ်သား သူ့အရွယ်က အများအမြင်နဲ့ ကြည့်ရင် ငယ်ပါသေးတယ်။ ဘ၀ အတွက် လေ့လာစရာတွေ စတင်ရမယ့် အချိန်ပါ။

“ ကဲ ပြော အန်တီဖြူ မဥမ္မာ နဲ့ သတို့သားလောင်း မွေးသက္ကရာဇ် ”

“ မင့် မမ မွေးပြီး နောက်နေ့မှာ USA မှာ သမ္မတ ရေဂင် အိမ်ဖြူတော် မှာ ထိုင်တဲ့နေ့ပဲ အဲ လ တော့ မသိဘူး အချိန်က ပဲပြုပ်သည် လာတဲ့အချိန်ပဲ ဒါတောင် သူ့အဖေက မှတ်ထားလို့ အန်တီကမသိဘူး သတို့သားလောင်းကတော့………………”

“ အာ အန်တီကလဲ ဘယ်လိုလုပ် တွက်လို့ရမလဲ ဘာမှလဲမရေရာဘူး ခဏ ကျွန်တော် စွယ်စုံကျမ်းမှာ ရှာလိုက်ဦးမယ် ”

စိတ်ပေါက်ပေါက် နဲ့ ရှာလိုက်တာ January 20, 1981 မှာ ရေဂင် ဟာ သမ္မတ ဖြစ်ပါတယ် ဒါပေမယ့် သူဟာ သက်တမ်း ၂ ခု တောင် သမ္မတ ဖြစ်တော့ ကြည့်ရတာမလွယ်ပါ အချိန် က လဲ ပဲပြုပ်သည် လာတဲ့အချိန် တဲ့ ငပျင်း ပဲပြုပ်သည် ဆိုရင် ဘယ်လိုမှန်းရပါ့နော်။

ဒါနဲ့ ကျွန်တော်လဲ တားရော့ကတ်တွေ ခင်းပြီး မဥမ္မာ ကို (၃) ကတ် ရွေးပေး ခိုင်း လိုက်ပါတယ်။ နောက် သူ့ရဲ့ဘယ်လက် ကို ခဏ တောင်းကြည့်လိုက်တာ တားရော့ ကော လက္ခဏာ ကိုပါ ခုလို တွေ့လိုက်ရပါတယ်။

(၁) အတိတ် ကို ကိုယ်စားပြု ကဒ် နေရာမှာ SEVEN of CUPS

(၂) ပစ္စုပန် ကို ကိုယ်စားပြု ကဒ် နေရာမှာ SIX of SWORDS

(၃) အနာဂတ် ကို ကိုယ်စားပြု ကဒ် နေရာမှာ EIGHT of PENTACLES


ဘယ်ဘက် လက်ဝါးပြင် ကို လေ့လာ ဆန်းစစ်တဲ့ အခါ



(၂)

“ ကဲ အန်တီဖြူ ကျွန်တော် စပြောတော့မယ် နားမရှင်းရင် ပြန်မေးနော် ”

“ အန်တီဖြူ မဥမ္မာ ဆီမှာ သူ ဘ၀လက်တွဲဖော်အဖြစ် ရည်ရွယ်ထားတဲ့ သူ ရှိလား ရှိတာ မရှိတာ သေချာမှ အန်တီဖြူ လုပ်ချင်တဲ့ စေ့စပ်မင်္ဂလာ ကို လုပ်ပေးပါ နို့မို့ရင် လူကြီး မိဘ ချင်း မျက်နှာပျက်စရာ ရှိနေတယ် သူ ဘ၀လက်တွဲဖော်အဖြစ် ရည်ရွယ်ထားတဲ့ သူ ကလဲ အန်တီတို့ မိဘတွေ လက်ခံနိုင်ကြမယ် ဆိုရင် သူနဲ့ပဲ လက်ထပ်ပေးပါ ဇွတ် စီစဉ်တာ ဆိုရင်တော့ အန်တီ မမ ကို ဆုံးရှုံးရလိမ့်မယ် မမ ကလဲ တတ်နိုင်ရင် မိဘ စကား နားထောင်ပါ ကိုယ့် သဘောအတိုင်း နေရင် ဘ၀ကို ပင်ပန်းဆင်းရဲခြင်းကြီးစွာနဲ့ ဖြတ်သန်းရလိမ့်မယ် ခုလို ရွေးချယ်စရာ ပေါ်လာတုန်း မမ အနေနဲ့ သေသေချာချာ စဉ်းစားစေချင်တယ် မိတကွဲ ဘတကွဲ နေချင်ရင်တော့လဲ မမ သဘောပေါ့ အန်တီ ခုလာတဲ့ သတို့သားလောင်းကတော့ အဆင်ပြေပါတယ် အဓိက ပြောချင်တာက မမ စိတ်ကို အန်တီ နားလည်ပါစေ ”

အန်တီဖြူလဲ နဲနဲ အလိုမကျတဲ့ မျက်နှာနဲ့ သူ့သမီးကို ကြည့်လိုက်ပါတယ်။ မဥမ္မာ ကတော့ မျက်လွှာလေး ချပြီး ငြိမ်သက်စွာ ထိုင်နေပါတော့တယ်။ ကျွန်တော်က တားရော့ကတ်တွေ သိမ်းနေရင်းနဲ့

“ အန်တီ အဆင်ပြေမှာပါ မမ ကလဲ စကားနားထောင်မှာပါ မစိုးရိမ်ပါနဲ့ ကဲကဲ ပြန်ကြတော့ သားလဲ ကျောင်းမှာ ပရက်တီကယ် ရှိလို့ ကျောင်းသွားလိုက်ဦးမယ် ”

အန်တီဖြူတို့ သားအမိလဲ ကျွန်တော့်ကို နှုတ်ဆက်ပြီး ထွက်ခွာသွားပါတယ်။ နောက် ရက် သတပတ် ၂ ပတ် အကြာမှာတော့ သတင်းစာ ဖတ်နေတဲ့ မေမေဟာ ၀မ်းနည်းစွာဖြင့် ဖေဖေ ကို သတင်း ၁ ပုဒ် ကို ပြလိုက်တာ မြင်လိုက်ပါတယ်။ သူပြတဲ့ သတင်းကိုကြည့်ပြီး ဖေဖေလဲ စိတ်မကောင်းဖြစ်သွားပါတယ်။

ကျွန်တော် တောင်း ကြည့်လိုက်တော့ မဥမ္မာ ကို အမွေပြတ် စွန့် လွတ် ကြောင်း ကြေငြာချက် ဖြစ်နေပါတယ်။ ဟုတ်ပါတယ် ဘာ့ကြောင့် သူတို့ စိတ် မကောင်း ဖြစ်ရတာလဲ ကျွန်တော်တို့ မိသားစု မှာ ကျွန်တော့် အထက်က အမ ဆုံးပါး ကွယ်လွန် ပြီးတဲ့  နောက် ဖေဖေ နဲ့ မေမေ ဟာ အန်တီဖြူ့ သမီး မမ ဥမ္မာ ကို သမီးရင်းလေး အမှတ် နဲ့ ချစ်ခင်ခဲ့ကြတာပါ။

ကိုယ် ကိုယ်တိုင် မမွေးထုတ်ထားတဲ့ ကလေး ဖြစ်ပေမယ့်လည်း ကျွန်တော့် အထက်က အမ ဆုံးပါးကွယ်လွန်ပြီးတဲ့နောက် အစားထိုး မေတ္တာထားရတဲ့ ကလေး တစ် ယောက် ဒီလို ဖြစ်သွား ရတာ မေမေ နဲ့ ဖေဖေ တို့ ရင်မှာ မချိပါဘူး။ မွေးထားတဲ့ မိဘ ဆိုရင်တော့ ………………..

(၃)

ထုံးစံအတိုင်းပါပဲ ဟောဆိုချက်မှတ်တမ်းကို ပြန်လှန်ကြည့်လိုက်မိတဲ့အခါ အကွင်းအကွင်း မုန့်တီဟင်း ဆိုတာလို ကျွန်တော် တွေ့လိုက်ရပါတယ်။


(၁) အတိတ် ကို ကိုယ်စားပြု ကဒ် နေရာမှာ SEVEN of CUPS



ဒီကတ်ပြားလေးဟာ ရွေးချယ်ရန် လမ်းစများ ပေါ်လာတတ်တာ၊ ဝေခွဲမရ တွေဝေတတ်တာ၊ မှားယွင်းတဲ့ အတွေးချော်တတ်တာ၊ တံလျှပ်ရေထင် တတ်တာ၊ ထင်မှတ်မထားသော အခွင့်အလမ်း …….စသဖြင့် ကို ဖွင့်ဆိုပါတယ်။


(၂) ပစ္စုပန် ကို ကိုယ်စားပြု ကဒ် နေရာမှာ SIX of SWORDS



ဒီကတ်ပြားလေးဟာ လူသူမသိပဲ ထွက်ခွာရမူ၊ ဘေးအန္တာရယ်ကြားမှ လွှတ်မြောက်မူ၊ မကောင်း ကျောင်းပို့ ခံရမူ၊ အလုံးစုံ ကွဲကွာသွားရမူ၊ မိမိ လုပ်ဆောင်ချက်အပေါ် အကျိုးခံစားရခြင်း …….စသဖြင့် ကို ဖွင့်ဆိုပါတယ်။

(၃) အနာဂတ် ကို ကိုယ်စားပြု ကဒ် နေရာမှာ EIGHT of PENTACLES



ဒီကတ်ပြားလေးဟာ ပင်ပန်းဆင်းရဲစွာ အသက်မွေးရခြင်း၊ ရောင်းရေး ၀ယ်တာ လုပ်ငန်း ဆောင်ရွက်ရခြင်း၊ လုပ်ငန်း အတွက် အချိန်ကောင်း စောင့်စားရခြင်း၊ ပေါင်းသင်း ဆက်ဆံရေး အားနည်းခြင်း …….စသဖြင့် ကို ဖွင့်ဆိုပါတယ်။


တခါ မဥမ္မာ ရဲ့ ဘယ်ဘက် လက်ဝါးပြင် ကို လေ့လာ ဆန်းစစ်တဲ့ အခါ



ဦးခေါင်း လမ်းကြောင်း အဆုံးတွင် အခွ သဏ္ဍန် ဖြစ်နေပြီး တစ်ခုမှာ တနင်္လာဂြိုဟ်ခုံ သို့ ဆင်းကာ တစ်ခုမှာ ကော့တက် ပြီး နှလုံးလမ်းကြောင်း နှင့် သွားထိနေတဲ့ မဥမ္မာ ရဲ့ လက်ဝါးပြင်လေးဟာ ဒီလို ဖွင့်ဆိုပြန်တယ်ဗျာ။

အချစ်ရေးကို လွယ်လွယ် ဆုံးဖြတ်တတ်မယ်၊ အယုံလွယ်တတ်မယ်၊ သနားစိတ်ကြီးမယ်၊ ချစ်သူသဘောကြရေး အတွက် ဘာမဆိုလုပ်ဝံ့တယ်၊ အချစ် အတွက် နဲ့ တဘ၀လုံး ပုံအောပစ်တတ်တယ်၊ အချစ်ကြောင့် အရှက်တကွဲ ဖြစ်ရတတ်တယ်၊ လိုက်လျောလွန်းလို့ အနှောင်းပိုင်း ဒုက္ခ ကြုံရတတ်ပါတယ်။

(၄)

အချိန်သက္ကရာဇ်များ ပျက်သုန်းပြီးတဲ့ နေ့တနေ့မှာ ကျွန်တော်ဟာ အလုပ်နောက်ကြနေလို့ ကားပေါ်က မှတ်တိုင် မီးနီ မိနေတုန်း ခုန်ဆင်းလိုက်တဲ့အခိုက်မှာ

“ ၀ုန်း ဗြမ်း ”

“ ဟဲ့ ကောင်လေး သောက်ရမ်း ဆင်းရလား ငါ့ဈေးဘမ်းလေး မှောက်သွားပြီ ခု ပြန်လျှော်ပေး”

“ အာ ဆောရီးပါ အမရယ် ကျွန်တော် နောက်ကြနေလို့ပါ ဘယ်လောက်ဆို အဆင်ပြေမလဲ အမ ပြောပါ အားမနာပါနဲ့ ”

ဖရုသ၀ါစာတွေနဲ့ နှုတ်ခွန်းဆက်နေတဲ့ ဈေးသည်မကြီး ရဲ့ မော့တက်လာတဲ့ မျက်နှာလေး ကို မြင်လိုက်ရသောအခါ

“ ဟယ် မောင်လေးချမ်း ”

“ ဟာ မမ ဥမ္မာ နေနိုင်လိုက်တာဗျာ အဆင်ပြေရဲ့လား မောင်လေးတို့ဆီတော့ လာလည်သင့်ပါတယ်ဗျာ ”

ပါးစပ်လေး အဟောင်းသား နဲ့ ကြည့်နေတဲ့ မမ ဥမ္မာ ရဲ့ မျက်ဝန်းတွေမှာ တော့ မျက်ရည်ဥလေး နှစ်သွယ် စီးဆင်းလာပါတော့တယ်။ နောက် ဆို့နစ်နေတဲ့ အသံလေးနဲ့

“ မမ မှားသွားတယ် မောင်လေးရယ် မေမေတို့ စီစဉ်တာ ခြေ နဲ့ ဖျက်မိလို့ ဘ၀စုံသွားပြီ သူလဲ သူ့ အကုသိုလ် နဲ့ သူ နရသိန် ထဲမှာ ပျော်ပွဲစားထွက်နေတယ် ဖဲဝိုင်းမှာ လိမ်ရိုက်တာ မိသွားလို့ ရန်ဖြစ်ရင်း လက်လွန်သွားတာ တယောက် ရောရုဝ ရောက်သွားတယ် မမလဲ ခိုကိုးရာမဲ့တဲ့ ဘ၀မှာ ကျင်လည်နေတော့တာပါပဲ ”

ပြောရင်းနဲ့ ပြောင်းဖူးလေးတွေ ပြန်ကောက်နေတဲ့ ကျွန်တော့်ခေါင်းလေးကို ပွတ်နေရင်း သူမ ရဲ့ မျက်ရည်စလေးတွေကို ဖုံးကွယ်ဖို့ ကျိုးစားနေတဲ့ သူမ အစား မျက်ဝန်း တွေ နီရဲအောင် ငိုထားတဲ့ အန်တီဖြူ့ ကိုသာ မြင်ယောင်နေမိပါတော့တယ်။

ကျွန်တော် ဘာများ တတ်နိုင်ပါဦးမလဲ သူမရဲ့ မှောက်သွားတဲ့ပြောင်းဖူးလေး တွေ ပြန်ကောက် လို့ ရနိုင်ပေမယ့် အန်တီဖြူ့ မျက်ဝန်းထဲက ထွက်ကြသွားခဲ့တဲ့ မိဘမေတ္တာ မျက်ရည်ပူလေး တွေ ဘယ်သူက ပြန်လာ ကောက်ထည့် ပေးနိုင်လိမ့်မယ် လို့ထင်ပါသလဲဗျာ။

ဗုဒ္ဓေါမေသရဏံအညံနတ္တိ

ချမ်းမြေ့ဦး

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်