တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Friday, February 5, 2010

ကျွန်တော့်လက်တည့်စမ်းမှုများ ( ၂ )


“ ဟဲ့ သား နင်ဟာလေ ကျောင်းက ပြန်လာတာနဲ့ ဒါပဲ လုပ်နေတာပဲ ဒီမှာ ဧည့်သည်ပါလာတယ်ဟဲ့ ထဦး ”

မေမေ့အသံကြောင့် တီးလက်စ ဂစ်တာလေးဘေးချပြီး စောင်းငဲ့ ကြည့်လိုက်ရာ

“ ဟာ မေမေကလဲ အန်တီမေက ဧည့်သည်မှ မဟုတ်တာ ”

ကျွန်တော့်ရဲ့ ကွန့်လိုက်တဲ့စောဒကကြောင့် မေမေလဲ မျက်စောင်းထိုးပြီး ရုံးယူနီဖောင်းတွေ လဲရအောင် သူ့အခန်းထဲ ၀င်သွားပါတော့တယ်။

“ အန်တီမေ လာလေ ထိုင်ပါ မတ်တပ်ကြီး အားနာစရာ ”

“ အေးပါ သားရယ် ထိုင်ပါပြီ ဒါနဲ့ သား အားရဲ့လား ”

“ အားပါတယ် အန်တီ ဘာကူညီပေးရမလဲ ပြောပါ ”

“ အန်တီ ဒီကြားထဲ အရမ်း အခက်အခဲ တွေ့နေရလို့ပါ အဲဒါ မင်းအမေက သူ့သား ဖိုးဟောချင် ရှိတယ် အပြင်မှာ မေးရင် ငွေကုန်တယ် ဒီကောင့်ဆီမှာ မေးရင်ငွေ မကုန်ဘူး ပြောတာနဲ့ အန်တီလဲ လိုက်လာတာ ”

ကြည့်ပြောပုံကိုက နားထောင်ရတဲ့ သူမှာ ပြုံးရမလို မဲ့ရမလို နဲ့ ဒီ ပြောပေါက်တွေကြောင့်ပဲ နေရာမကြတာနေမှာပေါ့

“ ကဲ လာ အန်တီမေ သား စာကြည့်စားပွဲကို ”

ကိုယ်ကလဲ သူရို့ပြောသလို တကယ် ဖိုးဟောချင် ဖြစ်နေတော့ကာ…….

“ ကဲအန်တီမေ တားရော့ကတ် (၃) ချပ်ဆွဲပေး ”

သူရွေးချယ်ပေးတဲ့ တားရော့ကတ်တွေကတော့ မိုင်နာကတ်ပြား အုပ်စုဝင်တွေ ဖြစ်တဲ့

TWO of SWORDS

FOUR of CUPS

FOUR of PENTACLES

တို့ပဲဖြစ်ပါတယ်။

“ အန်တီမေ စဟောတော့မယ်နော် ”

“ အေး သား ပြောပါ ”

“ အန်တီမေ့ အနေနဲ့ ခုချိန်မှာ လမ်းဆုံလမ်းခွကို ရောက်နေတာပါ လုပ်ချင်တာတွေထက် လုပ်သင့်တာကို ရွေးချယ်ရတော့မှာပါ အရွေးလည်း မှားတတ်လို့ ပြသနာ ရှိတတ်ပါတယ် မထင်မှတ်တဲ့ ကံအပြောင်းအလဲတွေ လာတော့မှာပါ ကိုယ့်အပေါ် ကံကောင်းစေနိုင်တဲ့ အခွင့်အရေးတွေ ရောက်လာဖို့ရှိနေပါတယ် ဒါတွေက ထိုင်ပြီးစောင့်နေလို့တော့ မရဘူးနော် ဘာသာတရား အားထုတ်မှု့တော့ လိုပါတယ် ဒါမှသာ အန်တီမေ့ အနေနဲ့ ဒီအခွင့်အလမ်းကောင်းတွေကို ရပြီး အဆင်ပြေ ချောင်လည် လာမှာပါ ”

“ အင်း သားရယ် အန်တီမေလဲ ဒီကြားထဲ စိတ်ညစ်နေလို့ ဘုရားတောင် အာရုံမပြုမိပါဘူးသားရယ် ”

ပြောရင်းကနေ အန်တီမေလဲ အမေ့ အခန်းထဲဝင်သွားပြီး အချင်းချင်း တီးတိုး သဖန်းပိုးကြပြီး ခဏကြာတော့ ပြန်သွားပါတယ်။ ကွယ်ပျောက်သွားတဲ့ အန်တီမေ့ ကျောပြင်ကို ကြည့်ပြီး ကျွန်တော်လဲ သက်ပြင်းတချက် လေးတွဲစွာ ချလိုက်မိပါတယ်။

ဟုတ်ပါတယ် အန်တီမေ့ ဘ၀ကြီးဟာ ဒီလိုသက်ပြင်းတွေ ဘယ်နှကြိမ်များ ချနေရမလဲ မသိတော့ပါဘူး။ နုံချာလှတဲ့ ကံကြမ္မာထဲမှာ ဘ၀ဇာတ်ဆရာရဲ့ ကြိုးဆွဲရာ ကရတဲ့ ရုပ်သေးရုပ်လို ဘ၀မျိုးပါ။

သူ့ခင်ပွန်းက ဘဏ်မှာ ငွေကိုင်စာရေး လုပ်ပါတယ်။ သူကတော့ မေမေ နဲ့ တရုံးထဲ မှာ လုပ်ကြတဲ့ မိတ်ဆွေတွေပါ။ တရက်သားမှာတော့ဗျာ သူ့ခင်ပွန်းလုပ်တဲ့ နေရာမှာ ငွေကွာမှုကြီး ဖြစ်ပါတယ်။ ဘယ်သူ့ကြောင့်တော့
မသိရပါဘူး။ နောက်ဆုံး ဒီအပူကြီးက အန်တီမေ့ ခေါင်းပေါ်ကြလာတာပါပဲ။

ဒီအမှုအတွက် လိုနေတဲ့ငွေတွေကို အန်တီမေ့ဘက်က အမွေရထားတဲ့ လက်ရှိနေတဲ့ အိမ်နဲ့ခြံလေး ရတဲ့ဈေးနဲ့ ရောင်းလိုက်ရပါတယ်။
ကျန်တဲ့ ငွေလေးနဲ့ အတွေ့အကြုံမရှိပဲ လုပ်ငန်းတွေ လုပ်ကြည့်နေရင်းကနေ ရှိတဲ့ငွေပါပြောင်သွားပါတော့တယ်။

သူ့အမျိုးသားလဲ လုပ်သမျှ မအောင်မြင်လေတော့ ကျန်တဲ့ အသက်ပိုင်းလေးကို အရက်စိမ်လိုက်ပါတယ်။ အန်တီမေဟာ ၀န်ထမ်း လစာလေးနဲ့ ယစ်ထုပ်ဖြစ်နေတဲ့ခင်ပွန်းသည်ရော သားသမီးတွေနဲ့ပါ မလုံလောက်ရှာလို့ အပေါင်းအသင်းတွေဆီက မကြာမကြာ အကူအညီတောင်း နေရရှာပါတယ်။

နောက်ထပ်လဲ မတွေးချင်တော့တာကြောင့် ဂစ်တာပဲ ပြန်ကောက်ကိုင်ပြီး တီးနေပါတော့တယ်။ ဂီတသံစဉ်လေးတွေနဲ့အတူ အန်တီမေ့ကိုကော သူဒုက္ခတွေကိုပါ မေ့လျှော့ဖြေဖျောက်လိုက်ပါတယ်။

ကာလအတန်ကြာပြီး သာယာတဲ့ ညနေခင်းလေး တခုမှာ အန်တီမေ ဟာ အမေနဲ့အတူ အိမ်ကို ပြန်ရောက်လာပါတယ်။ တည်ငြိမ် အေးချမ်းတဲ့ မျက်နှာ နဲ့ ကြည်လင်နေတဲ့ မျက်ဝန်းတွေကို အန်တီမေ့ မျက်နှာမှာ ရှာတွေ့လိုက်ပါတယ်။

“ ရော့ သား မင်း ဂစ်တာကြီးက ဟောင်းနေပြီ ဒါ မင်းတီးဖို့ အန်တီမေ ၀ယ်လာတာ ”

ဂစ်တာအိတ်လေးလှမ်းပေးပြီး သူ့ထုံးစံအတိုင်း အမေ့အခန်းကို ၀င်သွားပြီး လေပန်းကာ ခဏကြာတော့ ပြန်သွားပါတယ်။ မောင်စပ်စု ကျွန်တော်လဲ အမေ့နားသွားပြီး မေးတော့ အမေက စပ်စုရန်ကော ဆိုပြီး ဆူလိုက်ပြီးမှ ပြောပြပါတော့တယ်။

“ ဒီလိုသားရဲ့ သူ့အမျိုးသားက တနေ့အရက်သောက်ပြီး အပြန်မှာ ကားတိုက်ခံရတာ ပွဲချင်းပြီးပဲတဲ့ အဲဒါကားသမားက မင်းအန်တီမေနဲ့ လျော်ကြေး ညှိနှိုင်းပြီး ၁၀ သိန်း ပေးလိုက်တယ် မမေ ဖက်ကလဲ မနစ်နာပါဘူး တရားရုံးရောက်ရင် ငွေက ပိုကုန်မှာလေ ”

“ သူလဲ အဲဒီရတဲ့ ငွေလေးနဲ့ သူတူမရဲ့ နယ်စပ်က မှောင်ခိုကုန်ကူးတာ အဆင်ပြေသွားရှာတယ် လက်ရှိ ၀န်ထမ်းအလုပ်ကတော့ ထွက်လိုက်ရတာပေါ့ ခုအမေ့ဆီက ခဏယူထားတဲ့ ငွေလေးလာပြန်ပေးတာ မင်းကတော့ အလကားနေရင်း ဂစ်တာတလုံးပွသွားတာပေါ့ ”

ကျွန်တော်လဲ အမေနဲ့ စကားကပ်ပြောမနေတော့ပဲ သူ့ အဟောမှတ်တမ်းလေး ကို ပြန်ရှာဖတ်လိုက်မိပါတယ်။

သူရွေးချယ်ပေးတဲ့ တားရော့ကတ်တွေကတော့ မိုင်နာကတ်ပြား အုပ်စုဝင်တွေ ဖြစ်တဲ့

TWO of SWORDS
FOUR of CUPS
FOUR of PENTACLES

တို့ပဲဖြစ်ပါတယ်။

TWO of SWORDS ဆိုတဲ့ ဓါး အုပ်စုဝင် ကတ်ပြားလေးက ခုလို ပုံဖော်ထား ပါတယ်။



မျက်နှာကိုအ၀တ်ဆီးထားတဲ့ အမျိုးသမီး တစ်ဦးဟာ ဓါး(၂)လက်ကို ကြက်ခြေခပ်ပုံစံ ကိုင်ပြီး ခုံလေးမှာ ထိုင်နေပါတယ် သူ့နောက်မှာ ရေပြင်တခုရှိနေပါတယ်

အခြေခံဆိုလိုရင်းလေးက

လမ်းပျောက်ပြီး လမ်း(၂)သွယ် အပေါ် တက် ထိုင်နေတဲ့ ဆိုလိုရင်းပါ။

FOUR of CUPS ဆိုတဲ့ ခွက် အုပ်စုဝင် ကတ်ပြားလေးက ခုလို ပုံဖော်ထားပါတယ်။



လူငယ် တစ်ယောက်ဟာ အပင်ခြေရင်းမှာ တရားထိုင်နေတဲ့ပုံစံလေးပါ သူ့ရှေ့မှာ ခွက်(၃)လုံးရှိနေပါတယ် တိမ်တိုက်ထဲကနေ ခွက်(၁)လုံး လာရောက်ပေးနေတဲ့ ပုံစံလေးပါ

အခြေခံဆိုလိုရင်းလေးက

ဘာသာတရား ကိုင်းရှိုင်းရန် ၊ လွန်ခဲ့တဲ့ အတိတ်က သင်ခန်းစာများ ၊ အမှတ်မထင် ထွက်ပေါက် ရရှိတတ်မှု တို့ကို ဆိုလိုပါတယ်။

FOUR of PENTACLES ဆိုတဲ့ PENTACLES အုပ်စုဝင် ကတ်ပြားလေးက ခုလို ပုံဖော်ထား ပါတယ်။



လူတစ်ဦးဟာ PENTACLES (၂) ခုကို နင်းပြီး ထိုင်ခုံပေါ်မှာ ထိုင်နေပါတယ် ခေါင်းပေါ်မှာလဲ PENTACLES (၁) ခုကို တင်ထားတာ တွေ့ရပါတယ် နောက်ပြီး ရင်ခွင်မှာလဲ PENTACLES (၁) ခုကို ပိုက်ထားပါသေးတယ်

အခြေခံဆိုလိုရင်းလေးက

မိမိကံကြောင့် ရလာတဲ့ငွေကြေး ၊ မိမိ ပိုင်ဆိုင်မှုကို ကာကွယ်ခြင်း ၊ ငွေစုခြင်း တို့ကို ဆိုလိုပါတယ်။

ဒါတွေလဲပြန်ဖတ်ပြီးရော ကျွန်တော်လဲ အမေ့ကို စာအုပ်လေးပြကာ

“ တွေ့လား အချောင်ရတာ မဟုတ်ဘူးနော် ”

“ အောင်မယ် ဘာမှမဆိုင်ဘူး သားရဲ့ မင်း အန်တီမေ က နဂိုကတည်းက သံဗုဒ္ဓေဂါထာတော် ကို နေ့တိုင်း အခေါက် (၁၀၀၀) ရွတ်ဖတ် ပူဇော်နေကြ ဟဲ့ ဒါ့ကြောင့် ကံကောင်းချိန်တန်လို့ အဆင်ပြေသွားရှာတာ ”

“ လွဲပဟ ”

စာဖတ်သူ လူကြီးမင်းတို့ပဲ နှစ်သက်သလို ဝေခွဲ ဆုံးဖြတ် ဝေဖန် ပေးကြပါတော့
ဘုရားဂုဏ်တော် ကြောင့်လား ၊ ကျွန်တော့် တားရော့ ကြောင့်လား
ကိုယ့်ဘက်တော့ ဆွဲမတွေးချင်တော့ပါ
သေချာတာကတော့ တားရော့ ဟာ ဘုရားဂုဏ်တော် ကို ကျော်နိုင်မယ့် ပညာရပ် တခု မဟုတ်ဘူး ဆိုတာပါပဲ

1 Comment:

Oak Soe MMTL said...

ကံ ကံ၏ အကျိုးကို မလွန်ဆိုင်နိုင်ပေမယ့်၊ ဖြစ်လာမယ့် ကံတရားကို ပညာရပ်တစ်ခုက ပြောပြနိုင်တာ ဒါမျိုးတွေ အယုံအကြည်ရှိတဲ့ ကျွန်တော်ကတော့ ဒါ ပညာစွမ်းတာလို့ပဲ ယူဆပါပတယ်။ ကျွန်တော့် အမြင်လေးပါ။


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်