တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Friday, January 29, 2010

ကျွန်တော့်လက်တည့်စမ်းမှု့များ (၁)



ကျုပ် လုံးဝမကျေနပ်ဘူးဗျာ။ ခင်ဗျားပဲ စဉ်းစားကြည့်လေ။ ဒီကောင့် ပြောပုံကိုက အချိုးကို မပြေတာ။ ဒါနဲ့များတောင် ကျောင်းထဲက ငချွန်တွေက မ,တာ ဘာတဲ့ အချူပါရဂစ် တဲ့။ အဟား ဒီကောင်တော့ ဒီအချီမှာ နှပ်ပစ်ခံလိုက်ရပြီ။ ဟွန်းမသိတာမှတ်လို့ ဒီကောင် ခုတွဲနေတဲ့ ဇယ်လေးက မယ်မငြင်း ကြီးဗျ ၊ ဒါတောင် ငတိက ဒီဟာကြီးကို ၁၀၂ ကြိမ်မြောက် ချစ်ခွင့်ပန်ခဲ့ရတာ။ ဟိုကလဲ လက်မဲ့ဖြစ်နေတဲ့အခိုက် ဆိုတော့ကာ…………

ကဲ တော်ပါပြီဗျာ အတင်းတုပ်ရတာလဲ မောလှပေါ့။ ဟိုကောင် တိုက်လိုက်တဲ့ စေတနာမပါတဲ့ လဖ္ဘက်ရည်ကြောင့် လည်ချောင်းလဲ ယားလာပြီ။ တင်းတာက ကပ်သောက်ပြီး ငနဲကို မြှောက်ထားကြတဲ့ စကားဗျာ ဘာတဲ့ အချူပါရဂစ် တဲ့။ လူတိုင်းကို သူပြောတိုင်း ဖြစ်ရမယ် သူတွေများ မှတ်နေသလားဗျာ။ ဒီအကြောင်းလေးကို ဇာတ်ကြောင်းပြန်ရမယ် ဆိုရင်တော့ဖြင့်ဗျာ………

“ ဟေ့ကောင် လာကွာ ကင်တင်းဘက် သွားရအောင် ဒီနေ့ မီးပျက်လို့ အိမ်က ဘာမှ မ၀ါးခဲ့ရဘူးကွာ ”

“ အာ ငတိရ ငါ့မှာလဲ နယ်က ငွေမလာသေးလို့ ညစ်နေတာကွ မင်းဒကာခံမှာလား”
“ အေးပါကွာ တိုက်ပါ့မယ် ”

ကင်တင်းမှာ ၀ါးပြီးတာနဲ့ ငနဲက ဇာတိပြတော့တာပါပဲ

“ ဟာ ခုမှ သတိရတယ်ကွာ ဒီနေ့မနက်က အိမ်မှာ တားရော့ လေ့ကျင့်ခန်း မဆင်းရသေးဘူးကွ ”

“ ဟေ့ကောင် ငါ့တော့ ပြသနာမရှာနဲ့နော် ငါ ဒါတွေ ၀ါသနာမပါဘူး ”

“ သားကြီးကလဲကွာ ဘော်ဒါဘော်ကျွတ်ချင်းပဲ ကူညီပါကွာ ငါလဲ ပညာတိုးတာပေါ့ ”

ငြင်းမရတော့ပါဘူး သူတိုက်တဲ့ လ္ဘက်ရည်လဲ သောက်ပြီးမှကိုး

“ ကဲ ဒါဆိုလဲကွာ ခုတလော ငါ့ကို နှင်းလေး က ရှောင်နေတယ်ကွာ ငါလဲ သူနဲ့မတွေ့ရတာ ကြာပြီ ခုမှ အဖြေရတာက ၅လ တောင်မရှိသေးဘူး ငါ သွားတိုင်း သူ့အဆောင်မှူးက မရှိဘူးချည်း ပြောလွှတ်နေတာကွ ငါလဲ ပေါက်ကွဲပြီး သူ့လာအတွေ့ကို စောင့်နေရတာ လွမ်းလှပြီကွ ”

ကျွန်တော်လဲ မထူးတော့တဲ့အတူ သူ့ကို ရင်ဖွင့်အကူအညီ တောင်းမိပါတော့တယ်။ အဟုတ်ပဲဗျာ ကိုယ်က နယ်ကျောင်းသားဆိုတော့ ဒီငတိ အပါအ၀င် စွဲစွဲမြဲမြဲ ပေါင်းတာက လက်ချိုးရည် လို့တောင်ရတယ်။

“ ကဲ ငါ့ကောင် တားရော့ (၄) ကဒ် ဆွဲကွာ ”

“ ကိုင်း လာလေရော့ကွာ ”

စာဖတ်သူများခင်ဗျား ကျွန်တော့ သူငယ်ချင်းဟာ

(၁) ကိုယ်စားပြု ကဒ် နေရာမှာ Page of Cups
(၂) အတိတ် ကိုယ်စားပြု ကဒ် နေရာမှာ Three of Swords
(၃) ပစ္စုပန် ကိုယ်စားပြု ကဒ် နေရာမှာ မေဂျာ တားရော့ အပိုင်းက XVI - The Tower
(၄) အနာဂတ် ကိုယ်စားပြု ကဒ် နေရာမှာ Seven of Pentacles

စသဖြင့် တားရော့ကဒ်ပြား လေးတွေ ကျရောက်နေပါတယ်။

“ ကဲ သားကြီး ဟောရတော့မှာလား ”

“ အေး ဟောကွာ ”

“နင် ဒီရက်ပိုင်းမှာ ရေခြားမြေခြား က သတင်းကြားပြီးပြီလား”

“ No ပါကွာ ငါတောင် ပရက်တီကယ်တွေနဲ့ မအားတာ ဘယ်သူ့ဆီမှ မရောက်ဖြစ်ပါဘူးကွာ ဘ ဘုန်းကြီးကလဲ စာမကျက်ပဲ အပြင်သွားနေရင် ကြိုက်ဘူးဟ ”

“ပြောရမှာတော့ စိတ်မကောင်းဘူးကွာ မင်း အတွက် ဒီရက်ပိုင်းထဲမှာ မကောင်းတဲ့ သတင်းစကား တခု လာဖို့ရှိနေတယ်ကွာ မင်း ဒီသတင်း စကားကိုကြားပြီးရင် မင်းရဲ့ နှင်းလေး နဲ့ ပိုဝေးတဲ့ နေရာ ရောက်သွားရတော့မယ်ကွာ မင်း ဘ၀ ရဲ့ ရပ်တည်မှုတွေလဲ တစစီ လဲပြိုသွားတာ ထိုင်ကြည့်နေရမယ် မင်း ပိုင်ဆိုင်ထားတဲ့ နှင်းလေးကိုလဲ သူများလက်ထဲ ပါသွားတာ ဒါမှမဟုတ်ကွာ ကိုယ့်ကို ပေါ်တင်ကြီး ပစ်ခွာသွားတာ ခံရတော့မယ် မင်း ဒီ အခြေအနေကို ဘာမှတုံ့ပြန် နိုင်မှာ မဟုတ်ဘူး ”

“ ခွမ်း ”

“ တောက် မင်းကွာ မင်း ငါ့ စိတ်ရင်းအတိုင်းသာဆိုရင် မင်းကို ဒီ ရေနွေးခွက်လို ပေါက်ခွဲလိုက်ပြီ ”

ငနဲသားလဲ ကျွန်တော့်ကို ခွတုပ်ပြီး ဆောင့်ကြီး အောင့်ကြီး ပြန်ချသွားပါတယ်။

ဒီနောက်ပိုင်း ကျွန်တော်လဲ အိမ်က စီးပွားရေးလုပ်ငန်းအတွက် ဖေဖေ က မော်လမြိုင် ကို သွားခိုင်းလို့ ဇာတိချက်ကြွေ မွေးရပ်မြေကို တပတ်လောက် ကင်းကွာ သွားခဲ့ရပါတယ်။ မြန်မာ ပြည်သူ / ပြည်သား တွေ အပေါ် ဘာ ရန်ညိုးမှ မရှိပဲ ၀င်ရက်စက် သွားတဲ့ နာဂစ် လေလည်မှု ဟာ ကျွန်တော် သွားနေခိုက်မှာ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်း သား တွေရဲ့ အသက် ၊ သွေး ၊ ချွေး ၊ ပိုင်ဆိုင်မှု ဥစ္စာဓန အလုံးစုံ ရနိုင်သလောက် ၀ါးမျိုဖျက်ဆီး သွားခဲ့ပါတယ်။

“ သားရေ သီဟသူ လာတယ်ဟေ့ ”

“ ဟာ ဟေ့ကောင်ကြီး လာသေးတယ်နော် ပျောက်ချက်သား ကောင်းနေလိုက်တာကွာ ငါလဲ ဒီရက်ပိုင်း ခရီးထွက်နေရတော့ နင့်ဆီ မလာဖြစ်ဘူးဟ ”

“ စကား မများ နဲ့ကွာ ခဏလိုက်ခဲ့ဦး ငါဘာမှ မစားရသေးဘူးကွ ”

ကျွန်တော် နဲ့ သူ လက်ဖ္ဘက်ရည်ဆိုင် လဲရောက်ရော ငနဲလေးက မျက်ရည်ဝဲ၀ဲနဲ့

“ ချမ်းမြေ့ မင်း ငါ့ ကို တခုခု ပြောကွာ လုပ်ကွာ ငါ ခု အထီးကျန်ဘ၀တ၀က် ဖြစ်သွားပြီကွ ”

“ ဘာလာကြောင်နေတာလဲကွ မင်းက အထီးဆိုတော့ အထီးမကျန်လို့ အမ ကျန်ရမှာလားကွ မင်း ဘာဖြစ်နေတယ်ဆိုတာ ငါ့ပြောဦးကွ ဘာလဲ င၀ိုင်း ပြတ်နေတာလား ငါ စုထားတာ နဲနဲ ပေးလိုက်ပါ့မယ်ကွာ စိတ်မညစ်ပါနဲ့ ”

“ ချမ်းမြေ့ ဟေ့ကောင် မင်းတကယ် မသိတာလားကွာ ဒီအချိန်ဟာ ကျီစားသင့်တယ်လို့ကော မင်းတွေးထားသလားကွဟေ ”

“ မသိတော့ဘူးကွာ မင်းပဲပြောတော့ ”

“ မင်း ငါ ဘယ်နယ်ကလဲ မှတ်မိလားကွဟေ ”

လုပ်ပြီ ဒီကောင်ကတော့ မရှိတဲ့မှတ်ဥာဏ်ကို အတင်းစဉ်းစား ခိုင်းပြန်ပြီ။

“ ဟာ ခုမှ သတိရတယ်ကွာ အေး မင်း အဲဒိအချိန် ဘယ်ရောက်နေလဲကွ ငါလုံးဝ မေ့နေလို့ပါကွာ မိသားစုဝင်တွေကော ဘေးကင်းရဲ့လား ”

ဒီအချိန်မှာပဲ သီဟသူ မျက်ရည်ပိုးပိုးပေါက်ပေါက်ကြပြီး ငိုပါတော့တယ်။ နောက်မှ

“ ငါ နဲ့ နှင်းလေး ဝေးကြပြီကွာ အဖေလဲ နာဂစ်ထဲပါသွားတယ် ငါ ကတော့ ဘဘုန်းကြောင့် ကျောင်းက ရှင်ပြုနားသ အလှူမှာ လုပ်အားပေး နေခဲ့လို့ မသေဘူး အမေ ၊ ညီမလေး တို့လဲ ဘ ဘုန်း ဆီမှာရောက်နေပြီကွ ရှိသမျှ ပိုင်ဆိုင်မှုဥစ္စာလဲ ဘာမှမကျန်တော့ဘူး နှင်းလေးလဲ ငါ့ ………… ”

ဆို့နစ်ကြေကွဲစွာ ပြောနေတဲ့ သီဟသူ ကို ကျွန်တော် မကြည့်ရက်တော့ပါဘူး။ သူပြောနေတဲ့ မလှပတဲ့ ပြဇာတ်ထဲမှာ ကိုယ်တိုင် ပါဝင်ကပြနေရသလို ခံစားရင်း ကျွန်တော်လဲ သူ့ကို ခံစားအားပေးနေရပါတယ်။ အဲ ဒီနောက်တော့ သူနဲ့သူ့ပတ်ဝန်းကျင် ဒေသ အကြောင်း ပြောပြမိတ်ဆက်ပေးနေတဲ့ FRESHER WELCOME DAY နောက်ပိုင်း ကာလလေးဆီကို မှုန်ဝါးရီဝေ စွာ ………..

“ ငါ့ နာမည်က သီဟသူကွ ငါက ဘိုကလေးသားကွ ဟောဟိုက ထိုင်နေတဲ့ နှင်းသူကျော် က ငါ့ ရည်ရွယ်သူလေးပေါ့ကွာ သူလဲဒို့မြို့ကပဲ မွေးပြီး မိဘတွေက အရွယ်ရောက်လို့ စာသင်ရအဆင်ပြေအောင် ရန်ကုန်မှာ အပြီးပြောင်းနေကြတာကွ ငါတို့က မိဘချင်း သဘောတူထားတာလေ ကျောင်းပြီး ဘွဲ့ရရင် လက်ထပ်ကြတော့မှာ ငါကတော့ လောလောဆယ် အဖေ အကိုကြီး ဘုန်းကြီးကျောင်းမှာ နေပြီး ကျောင်းတက်နေရတယ် ခေတ္တ - စင်ကာပူ ပေါ့ကွာ ဟဲဟဲ ”

ကျွန်တော်လဲ အိမ်ရောက်တော့ အဟောမှတ်တမ်းစာအုပ်လေး ပြန်ဖွင့်ကြည့်မိပါတယ်။



(၁) ကိုယ်စားပြု ကဒ် နေရာမှာ Page of Cups


တားရော့ကတ်ပြားတွေမှာ မိုင်နာ အမျိုးအနွယ်ဝင် court cards တွေထဲက Page ဆိုတဲ့ ဇာတ်ကောင်လေးတွေဟာ ရှင်ဘုရင် (၀ါ) မိဘုရား တို့ထံမှ စကားကို လူတွေဆီ တဆင့် ပြန်လည် ပြောဆိုမှုကို ဖော်ညွှန်းပါတယ်။ ခေတ်စကား နဲ့ ပြောရရင်တော့ ဂျာနယ်လစ် ပေါ့ဗျာ သတင်းသယ်ဆောင်သူပါ



(၂) အတိတ် ကိုယ်စားပြု ကဒ် နေရာမှာ Three of Swords



ပုံကိုပဲကြည့်ကြပါဗျာ အသဲပုံ တခုကို ဓါး(၃)လက် က နေရာအနှံ့ကနေ ထိုးဆိုက်နေတာပါ။
အချစ်ရေးကိစ္စတွေမှာ ဒီကဒ်ပြားဟာ လုံးဝ မကောင်းပါ။ အကြောင်းမရှိ အကြောင်းရှာ ပြသနာ
တက်ရကိန်းတွေ တွေ့ဆုံရမယ့်နိမိတ်ပါ။



(၃) ပစ္စုပန် ကိုယ်စားပြု ကဒ် နေရာမှာ မေဂျာ တားရော့ အပိုင်းက XVI - The Tower



ဘယ်လိုမှ ပြေးစရာ မြေမရှိတဲ့ မျှော်စင်ပေါ်ကနေ လူ(၂)ယောက် လွင့်ကြလာတဲ့ပုံပါ
သူတို့ကြလာတဲ့ မျှော်စင်ကိုလဲ မိုးကြိုးမုန်တိုင်းက အပြင်းအထန် တိုက်ခတ်နေပါသေးတယ်
မဖြစ်မနေ ကြမ္မာဆိုးနဲ့တိုးရကိန်းကို ဖော်ညွှန်းပြဆိုပါတယ်။ ကူကယ်ရာမဲ့သွားတတ်ပါတယ်



(၄) အနာဂတ် ကိုယ်စားပြု ကဒ် နေရာမှာ Seven of Pentacles




ကိုယ်စိုက်ထားတဲ့ စိုက်ခင်းလေးကို ပေါက်တူးပေါ် မေးလေးတင်ပြီး ကြည့်နေတဲ့ လူရွယ်ပုံပါ
ဒီကနေ သူဘာမှ ပြန်ရဖို့ရန် မျှော်လင့်လို့ မရပါဘူး
သူ ရ ရမယ့် ပစ္စည်းတွေဟာ သူ့မမြင်ကွယ်ရာမှာ ရောက်နေကြပါပြီ။


*ဘယ်လောက်ပဲ သဘောတူထားထား ကိုယ့်သမီးကို ဆင်းရဲမွဲတေမှု ဒုက္ခတွင်းထဲ ဘယ်မိဘက ထည့်လိုက်မှာပါလဲ။

*ဒါ့အပြင် ဘယ်ကောင်မလေးကကော ရုပ်ရှင်ထဲကလို တူနှစ်ကိုယ် တဲအိုပျက် မှာ နေရတဲ့ ဘ၀ကို သွားမယ်လို့ ထင်ထားပါသလဲ။

*နောက် (၅)လ ခန့် အကြာမှာ လုပ်ငန်းရှင်တစ်ယောက် နဲ့ လက်ထပ်မင်္ဂလာ ပြုသွားတဲ့ နှင်းသူကျော်ရဲ့ မင်္ဂလာ ဖိတ်စာကိုတော့ သီဟသူ ရှိရာ ဘဘုန်းကျောင်းကို ကျွန်တော် သွား မပို့ရက်တော့ပါဘူး။

1 Comment:

Unknown said...

ကောင်းတယ် ငါ့ညီ
ဒီလို ဆောင်းပါးလေးတွေ မကြာခဏ ရေးပေးပါ။ တစ်ပတ်ကို တစ်ပုဒ်လောက်ပေါ့။ ဒါမှ ဘလော့ဂ် လေးက စိုစိုပြေပြေလေး ဖြစ်လာမှာပေါ့။ ပို့စ် အသစ် မရှိရင် ကြာတော့ ပျင်းစရာကောင်း လာတယ်လေ။ ဆက်လုပ်ပါ။ ဖတ်လို့လည်း ကောင်း၊ ပညာလည်း ရပါတယ်။


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်