လူတိုင်းလူတိုင်းမှာ သမိုင်းတွေ ကိုယ်စီကိုယ်စီရှိကြပါတယ်။ ကျွန်တော့မှာလဲ ပြောချင်စရာကောင်းတဲ့ အဖြစ်လေးတစ်ခုရှိပါတယ်။ အခုဒီဘလော့(ဂ်)ကိုရေးနေတဲ့ ချမ်းမြေ့ဦးရဲ့ ငယ်စဉ်ဘ၀လေးပေါ့။ ငယ်ငယ်ကဖေဖေ့ဆီမှာ ဘယ်ကရမှန်းမသိတဲ့ တားရော့အစစ်ထုတ်လေးနဲ့ အဟောစာအုပ်လေး တစ်ခု ရှိခဲ့ဖူးပါတယ်။ အဲဒိအချိန်မှာ ကျွန်တော်က အလယ်တန်းကျောင်းသားဘ၀ ကလေးလေးပေါ့။ အဖေကလဲတားရော့ ၀ါသနာပါသူ မဟုတ်ပါဘူး။ သူကတစ်ကယ့်ခက်ပါတယ်ဆိုတဲ့ နက္ခတ်ဗေဒင်ပညာရှင်တစ်ဦးပါ။ ကျွန်တော်က တားရော့ဆိုတာအဲဒိအချိန်မှာ သိတောင်မသိသေးပါဘူး။ တစ်နေ့ ဦးလေးဦးဆိုးပေက ဖေဖေ့ဆီမှာရှိတဲ့တားရော့ကို သူတားရော့ဝါသနာပါလို့ သူ့ကိုရောင်းဖို့လာပြောပါတယ်။ ဖေဖေကလဲ သူဝါသနာမပါတဲ့ ပစ္စည်းဆိုတော့ ရောင်းလိုက်တာပေါ့။ သိပ်မကြာခင်အတောအတွင်းမှာ ဆရာမင်းသိင်္ခက သူ့ရဲ့စာအုပ်တစ်အုပ်(မနောမယ-နောက်ကဟာမသိတော့) ထဲမှာတားရော့အကြောင်းတွေရေးလာတယ်။ မြန်မာပြည်ကလူငယ် အတော်များများဟာ ဆရာမင်းသိင်္ခရဲ့စာအုပ်တွေဖတ်ကြပါတယ်။ လူငယ်တစ်ဦးဖြစ်တဲ့ ကျွန်တော်လဲဖတ်တာပေါ့ဗျာ။ အဲဒိမှာတားရော့ဆိုတာဘာလဲပေါ့ အဖေ့ကိုမေးမိတယ်။ သူကတားရော့ဆိုတာ ရုပ်စုံဗေဒင်တဲ့ မင်းသဘောကျရင်လေ့လာကြည့်တဲ့။ သူကိုမေးတာပေါ့ အဖေ့ဆီမှာရှိတဲ့ ဟိုဖဲချပ်လေးတွေလားလို့ပေါ့။ အဖေကဟုတ်တယ် ဒါပေမယ့်အခုမရှိတော့ဘူး မင်းဦးလေးဂျီတိုက်ပြီး ငါ့ဆီက၀ယ်သွားပြီတဲ့။ သေရောဗျာ ကိုယ်လေ့လာတော့မယ်ဆိုတော့မှ အိမ်မှာတားရော့ကမရှိတော့ဘူး အဲဒါနဲ့ ဆရာမင်းသိင်္ခထုတ်ထားတဲ့ တားရော့ကိုဝယ်ရပါတယ်။ စိတ်ညစ်စရာဗျာ သူ့တားရော့က အောက်ကပုံနာမည်တွေကို ထင်သလိုနာမည်ပေးထားတာ တွေ့ရတယ်။ ဒါပေမယ့်မချစ်သော်လည်း အောင့်ကာနမ်းပေါ့ဗျာ ဒါလေးပဲသုံးရတာပေါ့ ဒါနဲ့သူ့အဟောတွေဖတ်ကြည့်တယ် ဒါလဲမစွန်ဘူး သူ့ဟာသူမြန်မာမူပြုထားတာ ဖတ်လို့မကောင်းဘူး။ ဘာတွေမှန်းကိုနားမလည်တာ ကိုယ်ကလဲ အလယ်တန်းကျောင်းသားဆိုတော့ မူရင်းတားရော့စာအုပ်ရှိသေးပေမယ့် နားမလည်ဘူးလေ မိခင်မြန်မာဘာသာမှမဟုတ်ပဲ ဒါနဲ့ မမကိုမေးကြည့်တယ် ဟုတ်တယ်လေ အဲဒိအချိန်မှာသူက တက္ကသိုလ်တက်နေတာကိုး။ သူက ဘာသာပြန်ပေးဖို့မအားဘူးတဲ့ ၀ါသနာပါရင် သူ့ သူငယ်ချင်း ကိုမင်းသူရိန်ဆီမှာအပ်ပေးမယ်တဲ့။ ကျွန်တော်လည်း ဘာပဲဖြစ်ဖြစ် ဒီပညာငါရရင်ပြီးရော ဆိုပြီးကိုမင်းသူရိန်ဆီမှာ တပည့်ခံခဲ့ပါတယ်။ နေရာက သုံးမြှောင့်လမ်းမှာဆိုတော့ အိမ်နဲ့သိပ်မဝေးပါဘူး။ နေ့တိုင်း မနက်ကျောင်းမတက်ခင် သူ့စီကိုပြေးပြီး စာသင်ပြီးရင်အိမ်ပြန်ပြီး ရေမိုးချိုး ထမင်းစားပြီး ကျောင်းကိုပြန်ပြေးရပါတယ်။ ကြာတော့ ကိုမင်းသူရိန့်အဖေက ကျွန်တော်တို့ တားရော့ရှုးနှစ်ယောက်ကို သနားလို့ထင်ပါရဲ့ သူသဘောင်္က ပြန်လာရင် နိုင်ငံခြားကတားရောအစစ်တွေ ၀ယ်ဝယ်လာသဗျ ကိုယ့်အတွက်တော့ မဟုတ်ဘူးပေါ့ဗျာ ဒါတွေကလဲ နှုန်းထားကမသေးဘူးလေဗျာ။ ကျွန်တော်က အဲဒါလေးတွေကို မိတ္တူပြန်ကူး အိမ်မှာရှိတဲ့ ကတ်ထူစက္ကူမှာပြန်ကတ်နဲ့ တားရော့အသစ်တစ်မျိုး ကိုယ့်မှာရှိအောင် ကော်ပီပြန်လုပ်တာပေါ့။ အောက်မှာအဲဒိပုံလေးတွေ တင်ပေးထားတယ် ကြည့်ကြပါဦးဗျာ ကျွန်တော့်ရဲ့ လက်ဖြစ်တားရော့လေးတွေကို။



ဒါနဲ့တစ်နေ့ ဦးလေးဦးဆိုးပေ အိမ်လာတော့ ဖေဖေကပြောပြတယ်။ မင်းတူတားရော့ရှုးနေပြီဆိုတော့ ဦးလေးဦးဆိုးပေက ပျော်ပြီးနောက်နေ့ ငါလာရင်မင်းအတွက် လက်ဆောင်ယူခဲ့မယ် ဆိုပြီးပြန်သွားတယ်။ နည်းနည်းရက်ကြာတော့ သူကသူ့မှာရှိတဲ့ တားရော့တွေရော သူ့ဘော်ဒါတွေဆီက တားရော့တွေပါ မိတ္တူကူးပြီး သယ်ချလာပါရောဗျာ။ ဒီပုံလေးတွေပေါ့။


ဒါလေးကတော့ ဆရာမင်းသိင်္ခထုတ်တဲ့ မနောမယဂျာနယ်မှာ ပါတဲ့တားရော့ရောင်စုံပုံလေးပါ။ တစ်ပတ်တစ်ပုံ ပါတယ်ထင်ပါရဲ့ မှတ်တောင်မမှတ်မိတော့ဘူး။ အဲဒါတွေကိုလဲ ၂၂ ကတ်ပြည့်အောင် ဂျာနယ်တွေဝယ်စုခဲ့ပါသေးတယ်။

ဒါလေးကတော့ ဆရာမင်းသိင်္ခက သူပထမဦးဆုံး တားရော့အစစ်တစ်ထုတ် လက်ဝယ်ရရှိချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ အပျော်လေးပါတဲ့

အချိန်ကာလရဲ့ ၀ါးမျိုမှုကြောင့် ကျွန်တော်လဲ တားရော့အစစ် ၄/၅ မျိုးလောက် ပိုင်ဆိုင်လာခဲ့ပါပြီ။ ဒါပေမယ့် တားရော့အသစ်တွေတွေ့ရင် ရှုးတဲ့ရောဂါတော့ မပျောက်သေးပါဘူး။ အခုရှုးတာကတော့ အင်တာနက်မှာ ရှာပြီးရှုးတာပါ။ ငယ်စဉ်ကလို မိတ္တူကူးပြီး မရှုးရတာပဲရှိတာပါ။ ဘယ်ပညာမှ အလကား မရနိုင်ပါဘူးဗျာ။ အချိန်အတိုင်းအတာတစ်ခုတော့ သူ့အတွက်အချိန်ပေးရမှာပါ။ ကြုံခဲ့ဘူးတဲ့ဘ၀တစိတ်တပိုင်းပေါ့ဗျာ။
ဒီပို့စ်လေးကို ကိုယ်တိုင်ကီးဘုတ်ကိုင်ပြီး ရိုက်ခဲ့တဲ့ အမှတ်တရတစ်ခု တိုးသွားပြန်ပြီဗျာ။ အရင်ပို့စ်တွေတုံးက ကွန်ပြူတာဆိုင်မှာ အပ်ပြီးမှ ကော်ပီ ပေ့စ် လုပ်ထားရတာကိုး။
3 Comments:
ပုံတွေ မမြင်ရပါခမျ။
Thanks for sharing your experience, Ko Chan Myae Oo. I'd been also learning tarot since 2004. :) I got many things to know from your blog.
ပုံတွေမတွေ့ရပါ
တားရော့ပုံတွေရချင်ပါတယ်
လေ့လာချင်ပါတယ်
Post a Comment